07 December 2009

♠ Immature Thoughts

ကံကောင်းချင်တော့ မနေ့က ဆရာခင်မောင်လတ်ဆီက စာအုပ်လေးတစ်အုပ် လက်ဆောင်ရတယ်၊ စာအုပ်က အရွယ်အစားအားဖြင့် သေးတဲ့အတွက် စာအုပ်လေး လို့ ခေါ်လိုက်ပေမယ့် အထဲက အကြောင်းအရာတွေ၊ အတွေးအခေါ်တွေက အရမ်းကြီးပါတယ်၊ အတွင်းက အစာပလာတွေနဲ့သာ ပြောရရင်တော့ စာအုပ်လေး မဟုတ်တော့ပဲ စာအုပ်ကြီးလို့ ခေါ်ရမယ့်သဘော ရှိပါတယ်၊ အမှန်ပဲ၊ တော်တော့်ကို ကြီးပါတယ်။

တကယ်တော့ ရွှေမြန်မာမဂ္ဂဇင်းတွေထဲမှာ ဆရာစောနေလတ်ရဲ့ စာတချို့ကို ဖတ်ဖူးနေပြီးသားပါ။ အဲဒီထဲမှာ ဖတ်ပြီးပြီးချင်း အရမ်းကြိုက်သွားတဲ့ စာမျိုးပါပါတယ်၊ ဥပမာ “လူသုံးယောက်” ကို ကျနော် ဖတ်ပြီးတဲ့အခါ တစ်စုံတစ်ယောက်နဲ့ မျှဝေချင်တဲ့ ခံစားချက်မျိုး ချက်ချင်းဆိုသလို ပေါ်လာတယ်၊ ခွဲခြမ်းစိပ်ဖြာပုံက ကောင်းလိုက်တာ အရမ်းပဲ။ နောက် “ရှူံးမဲ” ဖတ်ပြီး အသက် ၃၀ နဲ့ အသက် ၄၀ လူနှစ်ယောက် ရန်ဖြစ်တာကို ကွင်းခနဲ ပြေးမြင်တယ်၊ ဒါ သိပ်ကောင်းတဲ့ ဥပမာပဲ။ ကိုယ် ညံ့လို့ ရှူံးတာကို ဟိုလူ့မဲ ဒီလူ့မဲ ရှူံးမဲ မဲ နေကြတဲ့ လူတွေကိုလည်း မျက်စိထဲ မြင်လာအောင် ရေးနိုင်တယ်။ လူမှုရေး၊ ဘာသာရေး၊ နိုင်ငံရေး စသည် စသည် နယ်ပယ်တွေကို ကျော်ခွပြီး နေရာယူထားတဲ့ သူ့စာတွေကို ကျနော့်လို စာဖတ်သူတွေ တစုတစည်းတည်း ဖတ်ရအောင် စာတစ်အုပ် အဖြစ် ထုတ်ဝေလိုက်တာကိုလည်း အရမ်းကို ကျေးဇူးတင်မိတယ်၊ ဒိထက်ပိုတာက လက်ဆောင်အဖြစ် ရခဲ့တာဆိုတော့ အတိုင်းထက်အလွန်ပေါ့။

စာရေးသူ စောနေလတ် ဆိုသူဟာ အတွေးအခေါ်နဲ့ စိတ်ကူးစိတ်သန်း အလွန်တရာ ကောင်းရုံတင်မက သူ့အတွေး၊ သူ့အမြင်တွေကို တပါးသူဆီရောက်အောင် ကလောင်အင်အားနဲ့ တချက်ချင်း ထိထိမိမိ ချပြနိုင်သူ တစ်ယောက် ပါလား ဆိုတာ သူ့စာတွေ ဖတ်ဖူးပြီးကတည်းက သိခဲ့ရတာပေါ့။ ဒါပေမဲ့ ကျနော် မသိခဲ့တာက (လုံးဝ မထင်ခဲ့တာ ဆိုရင် ပိုမှန်လိမ့်မယ်) ကလောင်နာမည် စောနေလတ် ရဲ့ ပိုင်ရှင်ဟာ ဦးစိတ္တရ ဆိုတဲ့ ဆရာတော်တစ်ပါး ဆိုတာပါပဲ။ အောက်မှာ ဦးစိတ္တရ (ခေါ်) စောနေလတ် ကို ပိုသိသွားအောင် သူ့စာအုပ်ထဲက အချက်အလက်တချို့ ကောက်နှုတ်ပြီး တင်လိုက်ပါတယ်၊ အပြည့်အစုံကိုတော့ “လူလားမမြောက်သေးသော အတွေးများ” စာအုပ်ကိုသာ ဝယ်ဖတ်ကြပါလို့ စေတနာနဲ့ တိုက်တွန်းပါရစေ။
--
စာရေးသူ၏ ဘာသာရေးနှင့် လူမှုရေးစာပေ ရေးသားမှုအကျဉ်း

အမည်ရင်း - ဦးစိတ္တရ
လိပ်စာ - Mangala Vihara Buddhist Temple 30, Jalan Eunos Singapore 919495

- ယနေ့ ဘာသာရေးစာပေ ထွန်းကားနေပုံနှင့် မိမိယုံကြည်ချက် လုံးဝ မကိုက်ညီ (တနည်း) မယုံကြည် တော့သဖြင့် ဘာသာရေးဆောင်းပါး ရေးသားခြင်းကို လုံးဝ စွန့်လွှတ်ခဲ့ပြီး၊ ဘာသာရေး အနံ့ဖြူးသည့် လူမှုရေး ဆောင်းပါးများကိုသာ ရေးဖြစ်တော့သည်။

- စာကြီးပေကြီးဟန်ဖြင့် မရေးတတ်သောကြောင့် ကလောင်အမည်ဖြင့် ရေးပါသည်။ လွတ်လွတ် လပ်လပ် ရေးချင်ရာရေးလို့ရအောင် သဘောလည်း ပါဝင်ပါလိမ့်မည်။

[မှတ်ချက် - နောက်ကျောဖုံးက အချက် ၇ ချက်ထဲက ၂ ချက်ကို ရွေးထုတ်ရေးတာပါ]

စာရေးသူအမှာစကား

ဆောင်းပါးတွေကို စာအုပ်အဖြစ် စုစည်းတော့မယ်ဆိုတော့ ပြောစရာ စကားနှစ်ခွန်း ဦးဦးဖျားဖျား ရှိလာပါတယ်။ ပထမဆုံး “လူလားမမြောက်” ဆိုတဲ့ စကားလုံးနဲ့ ပတ်သက်ပါတယ်။ ဒီစကားလုံးကို သူငယ်ချင်း ကဗျာဆရာ မောင်စူးရဲ (တန့်ဆည်) က “လူလား မမြောက်သေးတဲ့ အတ္တ” ဆိုတဲ့ အမည်နဲ့ ကဗျာစာအုပ်လေး တစ်အုပ် ထုတ်ဖူးပါတယ်။ သူ့စကားလုံးလေးကို သဘောကျပြီး၊ “လူလား မမြောက်သေးသော အတွေးများ” လို့ မွေးစားပြီး အသုံးပြုခဲ့တာ ဖြစ်ပါတယ်။

နောက်ပြီး ဒါလေးကို ပင်မကျောရိုးယူပြီး ဆောင်းပါး တော်တော်များများ ရေးပြီးပါမှ မင်းခိုက်စိုးစံရဲ့ “ကလေးအတွေး” ဆိုတဲ့ စာအုပ်လေးတွေ ရပြန်ပါတယ်။ သူ့စာအုပ် ထွက်ချိန်နဲ့ ဆောင်းပါးများ မဂ္ဂဇင်းမှာ ပါချိန်ဟာ မတိမ်းမယိမ်းလောက်ပဲ ဖြစ်ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ မင်းခိုက်စိုးစံ အတွက်ရော မိမိအတွက်ပါ စိတ် အနှောက်အယှက် ဖြစ်ရပါသေးတယ်။ ဒါပေမယ့် မတတ်နိုင် တော့ပါ။ အခုဆိုရင် (၇) နှစ် ရာသီ ထဲတောင် ချင်းနင်းနေပါပြီ။

ဒေါက်တာခင်မောင်လတ် (ရွှေမြန်မာမဂ္ဂဇင်း အယ်ဒီတာချုပ်) က ဆောင်းပါးများ စုစည်းပြီး စာအုပ် ထုတ်ဝေ လိုကြောင်း၊ ရွာက ပရိသတ်တချို့ကပင် တောင်းဆိုကြောင်း ပြောသည့်အခါ ဝမ်းသာ ရပါတယ်။ ပြောလည်းပြော သူကိုယ်တိုင်လည်း ဆောင်းပါးအားလုံး ပရင့်ထုတ်ကာ ယူလာတော့ ခြောက်နှစ်အတွင်း ရေးခဲ့တဲ့ ဆောင်းပါးများကို တစ်ထိုင်တည်း ပြန်ဖတ်ရ ပါတော့တယ်။

ဒီတော့မှ တွေ့ရပါတော့တယ်။

ဆောင်းပါးတွေရဲ့ ဦးတည်ချက်၊ စကားအသုံးအနှုံး၊ ဘာဆိုဘာမှ မတူတော့ပါ။ အများကြီး ပြောင်းလဲ ခဲ့ပါလား။ လူလား မမြောက်တမြောက် ဖြစ်လာတာလား၊ မိုက်လုံးပဲ ပိုကြီးလာတာလားတော့ မသိတော့ပါ။ ငြင်းဆန်လို့ မရတဲ့ ပြောင်းလဲခြင်း သဘောတရားမို့ ကျေကျေနပ်နပ်ပဲ ခံယူမိပါတယ်။ ဒီအတွက် နောင်တလည်း မရချင်၊ မရကောင်းပါ။ အရာရာသည် သိုသိပ်စွာ စီးဆင်းခဲ့ပြီပဲ။

ကိုယ်မှလားဆိုတော့လည်း မဟုတ်ပြန်ပါဘူး။

သမိုင်းရေစီး အူလည်လည် ပစ္စန္တရစ်တွေကလွဲလို့ ရေစီးအားကောင်းတဲ့ ကမ္ဘာဟာ အပြောင်း အလဲတွေ အများကြီး ဖြစ်ခဲ့ပါတယ်။

“အဖေကောင်း မွန်ရှီပီရက်(စ်)” လို့ ဆောင်းပါးထဲမှာ ခေါ်ခဲ့တဲ့ မွန်ရှီပီရက်(စ်) မရှိတော့ပါ။ သူ့နေရာကို ဆာကိုရီက ယူလိုက်ပြီး ဖြစ်ပါတယ်။ အမေရိကန် သမ္မတ ဂျော့(ဂျ) ဘု(ရှ်) (သူ့ကို မစ္စတာ ခြုံပုတ်လို့ သုံးခဲ့ပါတယ်) လည်း မရှိတော့။ သူ့ရဲ့ အိမ်ဖြူတော်ကို လူညို အိုဘားမားက သိမ်းပိုက်လိုက်ပါပြီ။

ဒါတွေ တွေးမိတော့မှ ငါပြောင်းလဲသွားတာ ဘာဆန်းလို့လဲလို့ တွေးမိကာ စိတ်ထဲမှာ တမျိုးလေး ခံစား မိပါတယ်။

နောက်ပြီး စာရေးသူတိုင်း ဖြစ်လေ့ဖြစ်ထရှိတဲ့ ခံစားမှုတစ်မျိုးလည်း ဖြစ်ရပါတယ်။ လွန်ခဲ့တဲ့ ခြောက်နှစ်က ရေးခဲ့တာတွေကို ပြန်ဖတ်မိတော့ ကိုယ်တိုင်ကပဲ ရင့်ကျက်သွားတာလား၊ မိုက်လုံး ပိုကြီးသွားတာလား၊ မီးဖုတ်ပြီး အထုခံရတဲ့ ဓားတစ်ချောင်း ဖြစ်သွားတာလား မသိပါ။ တစ်ချို့ ဆောင်းပါးများဟာ ဝေ့လည် ကြောင်ပတ် ဖြစ်နေသလိုလို ခံစားရပါတယ်။ ပြင်လည်း မရေးချင် တော့ပါ။ ဒီအတိုင်းပဲ ထားလိုက် ပါတော့တယ်။

ဒါပေမယ့် ဆောင်းပါးတွေကို မဂ္ဂဇင်း ဝါစဉ်အလိုက် မစီစဉ်ပဲ ရောမွှေပြီး ဟင်းလေးအိုး လုပ်လိုက် ပါတယ်။

တစ်ခု ပြောစရာရှိတာက မိမိမြင်မိတဲ့ ဘာသာရေးနဲ့ လူမှုရေးကို တိတိကျကျ ထင်ဟပ်စေတယ်လို့ ယုံကြည်တဲ့ ဆောင်းပါးသုံးပုဒ်ကိုတော့ ရှေ့မှာ တင်ထားလိုက်ပါတယ်။ နှင်းဆီပုံပြင်၊ ကမ်းကြည့်ငှက် နဲ့ ခွင့်လွှတ်ပါဦးသန့် တို့ပဲ ဖြစ်ပါတယ်။

ဒီစာအုပ်လေး ဖြစ်မြောက်ရေးမှာ အရေးပါလှတဲ့ ရွှေမြန်မာမဂ္ဂဇင်း မိသားစု၊ စိတ်အား လူအား အမြဲတမ်း သည်းခံ ကူညီတဲ့ ဦးခင်မောင်လတ်နဲ့ ဒေါ်ကြင်စောတို့ကို ကျေးဇူး အထူးတင်ရပါတယ်။

မအားမလပ် သီးရပွင့်ရတဲ့ ရွှေမြန်မာမို့ ရာသီနဲ့ သိပ်မညီနိုင်ခဲ့ပါ။ ဒါကို လူမျိုးရေး စိတ်ဓာတ်၊ စာပေ စိတ်ဓာတ်နဲ့ သည်းခံပြီး စောင့်ဖတ်ကြရရှာတဲ့ စာဖတ်ပရိသတ်ကို အားလည်းနာ ကျေးဇူးလည်း တင်ရပါတယ်။ မိမိရဲ့ အားနည်းမှု၊ မှားယွင်းမှုတွေ ဒီစာအုပ်လေးထဲမှာ တွေ့ရနိုင်ပါတယ်။ ဒါပေမဲ့ ယုံကြည်တဲ့ ဘာသာ၊ ချစ်မြတ်နိုးတဲ့ လူမျိုးနဲ့ နိုင်ငံအတွက် တစ်ခုခုတော့ ပြောရမယ်ဆိုပြီး၊ စာအုပ် ထုတ်ဖို့ သဘောတူ ခဲ့ပါတယ်။

အားလုံးကို ကျေးဇူးတင်ပါတယ်။
စောနေလတ်
--
ဒီစာအုပ်ဖတ်တာ ဒီကနေ့မှာပဲ တဝက်ကျိုးသွားပါပြီ။ မနက်ဖြန် နောက်တဝက် ဆက်ဖတ်ရပါမယ်။

အရမ်းကြိုက်တဲ့ စာကြောင်းတွေကို ထုတ်နှုတ်ပြီး ပို့စ်သီးသန့်တင်မလား စိတ်ကူးရပါတယ်။

04 December 2009

♠ Hero


ကြည့်ကြည့်ပါ၊ ကျနော့် မာတာမိခင်မေမေကို ဂုဏ်ပြုထားတဲ့ ဆွီဒင် ရုပ်ရှင်ကားပိုင်းတိုလေးပါ၊ ရုရှမှာ အာကာသ သူရဲကောင်း ယူရီဂါဂါရင် ရှိသလို မြန်မာပြည်မှာလည်း အာဂ သူရဲကောင်း ယူရီဂါရင်ရင် ရှိတယ်ဆိုတာ ကမ္ဘာက သိသွားပါပြီ၊ ညှင်းညှင်း။
--
နောက်တာ၊ အတည်မယူကြေး။

02 December 2009

♠ Google Streetview@SG


View Larger Map

Google Maps ရဲ့ StreetView ကို စင်္ကာပူမှာပါ ကြည့်လို့ရပြီ၊ ထုံးစံအတိုင်း ဟိုကြည့် ဒီကြည့်နဲ့ တည ကုန်သွားတယ်။ အပေါ်ပုံက ကျနော်တို့ အကျွမ်းတဝင်ရှိလှတဲ့ စီးတီးဟောလ် ဘူတာနားက ပင်နီစူလာ ကုန်တိုက်ပါ၊ အဲဒီတဝိုက်မှာ ထိုင်နေ၊ ရပ်နေကြတဲ့ ဘိုးတော်တွေ မတွေ့ရဘူး၊ ကြည့်ရတာ ပိတ်ရက်မှာ ရိုက်ထားတာ မဟုတ်လို့ထင်တယ်။

အောက်ပုံကတော့ ထိုင်ပေမြို့တော်ရဲ့ အထင်ကရ Taipei101 ရှေ့မှာပါ၊ ကင်မရာကား ဖြတ်သွားချိန် ဂူဂယ်လ် ဝန်ထမ်းတွေ တန်းစီပြီး လက်ပြနှုတ်ဆက်နေတာ ပျော်စရာကြီးပဲ။ ဂူဂယ်လ် ထိုင်ပေရုံးချုပ်က အဲဒီ တိုက်အမြင့်ကြီးရဲ့ ၇၃ ထပ်မှာလေ၊ အဲဒီရှေ့ကနေပဲ ကား စထွက်သလား မပြောတတ်ဘူး။

View Larger Map

၇၃ ထပ်က ရုံးခန်းကို ဒီမှာ တစေ့တစောင်း ကြည့်နိုင်ပါတယ်။

Say Hi


C-box မှာ မြန်မာစာမမြင်ရရင် ဒီဧရိယာထဲကို copy-paste လုပ်ပါ။