12 November 2009

♠ Penang Trip (1)

新關仔角 Gurney Drive

ဂါးနေးဒရိုက်ဗ် (Gurney Drive) လို့ ခေါ်တဲ့ ကမ်းစပ်နေရာကို ပထမနေ့မှာတင် ရောက်ဖြစ်ပါတယ်။ မူလ ကနဦး အစီအစဉ်အရ အဲဒီကို ဒုတိယရက်မှ သွားမလို့ပါပဲ၊ ဒါပေမဲ့ “မည်သို့ ဖြစ်သွားသည် မသိ” ပေါ့ကွယ်၊ ပထမနေ့မှာတင် ပျင်းပျင်းနဲ့ ဘတ်စ်ကားစီးသွားလိုက်တယ်။

名香泰 Ming Xiang Tai

ဂါးနေးဒရိုက်ဗ် မသွားခင် အဖြစ်အပျက်တွေကတော့ အားလုံးသိတဲ့အတိုင်း လေဆိပ်ကနေ 401A ဘတ်စ်ကားနဲ့ မြို့ထဲဝင်တယ်၊ Tune ဟိုတယ်မှာ ၂ ရင်းဂစ်ပေးပြီး အထုပ်အပ်တယ်၊ ညနေ ၂ နာရီမှ check in လုပ်လို့ ရတဲ့အတွက် အပြင်ထွက်ပြီး နေ့လည်စာ နဲ့ သွားရေစာ စားဖြစ်တယ်။ နေ့လည်စာ ကိုတော့ အရမ်းဆာနေလို့ ဓာတ်ပုံ မရိုက်ဖြစ်ဘူး၊ ဗိုက်ထဲ အစာဝင်သွားတော့မှ တဆက်တည်း စားဖြစ်ခဲ့တဲ့ သွားရေစာတွေကို စိတ်အေး လက်အေး ရိုက်ဖြစ်တော့တယ်။ အလုံးလေးတွေက ဘဲဥအငန်ရဲ့ ဥအနှစ်ကို ဌာပနာပြီး ပဲနှစ်အချိုရယ် မုန့်ခွံရယ် အုပ်ထားတဲ့ တရုတ် စားစရာတမျိုးပါ၊ ကြွပ်ရွရွလေး၊ အတော်စားကောင်းတယ်၊ ဒါပေမဲ့ ဈေးက မဆိုစလောက် ကြီးတယ်၊ တစ်လုံး ၁.၂၀ ရင်းဂစ်ပါ။ ညာဖက်က ကုန်သွားရှာတဲ့ ရှမ်းလို တိုဖူးနောင်း ခေါ်တဲ့ သကြားရည် အမည်း (brown sugar) လောင်းထားတဲ့ တိုဖူးတုံး ပူနွေးနွေးကိုတော့ ၁.၅၀ ပေးရပါတယ်၊ အဲဒါတော့ တန်ပါတယ်။


光大 Komtar

Komtar ဆိုတာက ပီနန်ရဲ့ မြို့လယ်ခေါင် နေရာပါ၊ အဲ၊ ပီနန် အစည်ကားဆုံး George Town မြို့ရဲ့ အလယ်ခေါင်လို့ ပြောရင် ပိုမှန်လိမ့်မယ်။ အဲဒီမှာ ဘတ်စ်ကားဂိတ်ကြီး ရှိတယ်၊ အဲဒီကနေ 304 စီးပြီး သွားတာပါ။ ကြုံတုန်း ပီနန်မှာ ဘတ်စ်ကားစီးတဲ့အကြောင်း နည်းနည်းပြောလိုပါတယ်။ Rapid Penang ကားတွေကိုပဲ ကျနော်တို့ စီးခဲ့တာပါ၊ ဘာဖြစ်လို့လဲ ဆိုတော့ကာ အဲဒီကားတွေက စင်္ကာပူမှာ ဆွဲနေတဲ့ ကားကြီးတွေလိုပဲ သစ်လည်းသစ်၊ ကြီးလည်း ကြီးပါတယ်၊ ISO ဘယ်လောက် ဆိုလား ရထားတဲ့ ပီနန်ရဲ့ တစ်ခုတည်းသော ဘတ်စ်ကား ကုမ္ပဏီပါ။ နောက်ပြီး နိုင်ငံခြားသား မှန်ရင် ရင်းဂစ် ၂၀ ပေးပြီး rapid passport ဆိုတဲ့ စာအုပ်လေး ဝယ်လို့ရတယ်၊ အဲဒါပြပြီး ၇ ရက်အတွင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ စီးနိုင်ပါတယ်။ ကျနော်တို့က လေဆိပ်မှာပဲ ဝယ်ခဲ့တာပါ၊ မြို့ထဲဝင်တဲ့ 401A ကိုလည်း အဲဒါပြပြီး စီးခဲ့တာပေါ့။


Rapid passport ကို နိုင်ငံခြားသားပဲ ဝယ်ခွင့်ရှိတာ အပေါ်မှာ ရေးခဲ့တယ်၊ အဲဒီအတွက် ဝယ်တဲ့အခါ နိုင်ငံကူးလက်မှတ် ပြရပါတယ်၊ အရောင်းဝန်ထမ်း အဘိုးကြီးက စာအုပ်ကြီးပေါ်မှာ ဇိမ်ပြေနပြေ ရေးမှတ်တယ်၊ ဇိမ်ပြေနပြေ လို့ပြောတာက တကယ့်ကို ဇိမ်နဲ့ဗျ၊ နောက်မှာ ဝယ်မယ့်သူတွေ တန်းစီနေတာလည်း ဂရုမစိုက်ဘူး၊ ခရီးသည် ပါ့စ်ပို့ကို ဘေးချ၊ အပြင်ထွက်ပြီး ဘတ်စ်ကား ဒရိုင်ဗာနဲ့ လေဝင်ပစ်ချင် ပစ်လိုက်သေးတာ။ မလေးရှားက လုပ်ပုံ ကိုင်ပုံတွေကို ရောက်ဖူးသူတိုင်း သိမှာပါ။ အပေါ်ပုံက လေဆိပ် အထွက်ပေါက်နားက Rapid Penang ကောင်တာအရှေ့မှာ ရိုက်ထားတာပါ၊ rapid passport နဲ့ ပုံစံတူ အရွယ်အစား အများကြီး ချဲ့ထားတဲ့ စာအုပ်ကြီးပါ၊ ကောင်တာကို မှီပြီး ထောင်ထားတယ်၊ တကယ့်လက်မှတ်က အိတ်ထောင်ထဲ ခေါက်ထည့်လို့ရတဲ့ အရွယ်လေးပါ။


Tune Hotel

ပေသီးလေကြောင်းဖြစ်တဲ့ ကျားလေကြောင်း Tiger Airways နဲ့ သွားဖြစ်တဲ့ ကျနော်ဟာ တည်းခိုဖို့ စဉ်းစားရတဲ့အခါ နှပ်ချီးဟိုတယ်ပဲ ရွေးဖြစ်ခဲ့တယ်။ ဘတ်ဂျက်ဟိုတယ်တစ်ခုဖြစ်တဲ့ Tune ဟိုတယ်ကို ရွေးခဲ့တာပါ။ သူက Air Asia လောင်းရိပ်အောက်က ဟိုတယ်ဖြစ်ပြီး မလေးရှားနဲ့ အင်ဒိုနီးရှားမှာ ဖွင့်ထားတဲ့ ဟိုတယ် ၇ ခု ထဲက တစ်ခုပါ။ ဟိုတယ်နာမည်ကို ဘတ်ဂျက်လေကြောင်း အဲအေးရှားရဲ့ စာလုံး font အတိုင်း ရေးထားပါတယ်၊ အရောင်ကိုလည်း အဲအေးရှားလိုပဲ အနီ အဖြူ စပ်ကြား ခြယ်ထားတယ်။ နေရာက 100 Burmah Road ပါ၊ ဟုတ်တယ်၊ ဗမာလမ်းပေါ့။ စကားမစပ်၊ George Town ရဲ့ လမ်းနာမည် အတော်များများက အရှေ့တောင်အာရှ မြို့နာမည်တွေနဲ့ ပေးထားတယ်၊ ဗမာလမ်း အနီးတဝိုက်မှာ ထားဝယ်လမ်း၊ ရန်ကုန်လမ်း စသဖြင့် ရှိပါတယ်။ အထူး ပြောစရာတစ်ခုက Burmah ရဲ့ အသံထွက်ပါ၊ အိန္ဒိယတို့ တရုတ်တို့က “ဘားရ်မား” လို့ ထွက်ကြပေမယ့် မလေးတွေ အားလုံးနီးပါး “ဘူးမား” လို့ ထွက်ပါတယ်၊ ဒါကြောင့် ကျနော် လမ်းမေးတဲ့အခါ နှစ်မျိုးစလုံး မေးရတတ်တယ်၊ ဘားရ်မား မသိရင် ဘူးမား ကိုတော့ သိကြတာပဲ၊ ဘူးမား မေးလိုက်လို့ ပါးစပ်ဟောင်းလောင်း ဖြစ်နေရင် ဘားရ်မား ပစ်လိုက်၊ ဩော် ဆိုပြီး ဘယ်လို ဘယ်လို သွားရတယ် ပြောပြလိမ့်မယ်။ မလေးတစ်ယောက်ကို ဘားရ်မား လို့ မဖတ်ဘူးလား မေးကြည့်တော့ ဘားရ်မား နဲ့ ဘူးမား အတူတူပဲ တဲ့ဗျာ၊ စိတ်ညစ်စရာ မကောင်းဘားရ်လား၊ အဲလေ၊ မကောင်းဘူးလား။


廉價 Budget
ခေတ်ကြီးက မကောင်းတော့ ခရီးသွားတွေ ပေသီးခေါက်ကြတာ နည်းနည်းလွန်လာတယ်။ ပေသီး ဈေးကွက်အတွက် ဟိုတယ်တွေလည်း ပေသီးလိုက်ကျရတယ်။ Tune Hotel ကလည်း ဘတ်ဂျက် လေယာဉ်လက်မှတ် ရောင်းသလိုပဲ အကုန် ခွဲရောင်းတာဗျ၊ သဘက်၊ ဆပ်ပြာ၊ လေးအေးစက်၊ ဆံပင်မှုတ်စက်၊ အင်တာနက် စတဲ့ မသုံးမဖြစ် မဟုတ်တာတွေ အကုန်လုံး ခွဲထုတ်လိုက်တယ်၊ လိုတာဝယ်၊ မလိုတာ မဝယ်နဲ့။ အဲဒါတွေ ဘာမှ မဝယ်ရင် ကုတင်၊ ခေါင်းအုံး၊ စောင်၊ ပန်ကာ၊ အိမ်သာ စတာတွေတော့ ရသပေါ့ဗျာ။ ကျနော်က အလုပ်ကို နေ့တိုင်းနီးပါး vpn နဲ့ ဝင်နေရတော့ အင်တာနက် ၂၄ နာရီစာကို ၁၂ ရင်းဂစ်နဲ့ ဝယ်လိုက်ရတယ်၊ သဘက်နဲ့ ဆပ်ပြာကိုလည်း တစ်စုံ ၅ ရင်းဂစ်နဲ့ ဝယ်လိုက်တယ်၊ အဲယားကွန်းလည်း ၂၄ နာရီစာ ဝယ်တယ်၊ ၂၁ ရင်းဂစ်ပါ၊ ၁ ရင်းဂစ် ပေးရတဲ့ ဆံပင်မှုတ်စက်ကိုတော့ ဝယ်မနေပါဘူး။ ဒီဟိုတယ်က ဒီနှစ် ဧပြီလ ကမှ ဖွင့်တာဆိုတော့ ပစ္စည်းတွေ၊ အသုံးအဆောင်တွေ အားလုံးလိုလို အသစ်နီးပါးပါပဲ။ အင်း၊ အပေါ်မှာ ရေးထားသလို ဝယ်လိုက်တာ သုံးညအိပ်ကို တစ်ယောက် ရင်းဂစ် ၉၀ လောက် သွားကျတယ်၊ ဆိုတော့ စလုံး ၄၀ တောင် မကျဘူး၊ မတန်ဘူးလား ပြော၊ ခုချက်ချင်း ပြော။ (အိပ်တာတောင် လှဲအိပ် ထိုင်အိပ် ရပ်အိပ် ဆိုပြီး ခွဲမရောင်းလို့၊ နို့မို့ဆို ပိုသက်သာမှာ)


網路 Internet

တကယ်တမ်း ဟိုတယ်ရဲ့ ဒုတိယထပ် ချက်ကင်လုပ်ရတဲ့ ကောင်တာရဲ့ တဖက်ခြမ်းမှာ ကွန်ပြူတာ ၄ လုံး ရှိပါတယ်၊ ဟိုတယ်မှာ တည်းခိုသူတိုင်း အခမဲ့ သုံးခွင့်ရှိတယ်။ ဒါပေမဲ့ တခါသုံးရင် နာရီဝက်ပဲ ရပါတယ်၊ ကောင်တာက account နဲ့ password တစ်စုံ ပေးတယ်၊ အဲဒါက မိနစ် ၃၀ စာပဲ၊ အချိန်ပြည့်တာနဲ့ သူ့အလိုလို ပြတ်သွားလိမ့်မယ်။ မျက်နှာ မပူမချင်း account နဲ့ password အသစ် ထပ်တောင်းလို့ ရပါတယ်၊ ဝန်ထမ်းတွေက ဆက်ဆံရေး ကောင်းပါတယ်။ ဒီမှာ သတိထားရမှာက အဲဒီ account နဲ့ password ပါ၊ ကျနော် ၂၄ နာရီစာ ဝယ်ထားတယ် ဆိုပါစို့၊ စသုံးပြီး ၂၄ နာရီ မပြည့်သေးပေမယ့် account နဲ့ password ပျောက်သွားရင် ကောင်တာက ထပ်မပေးတော့ဘူး၊ ဒါကြောင့် အဲဒီ ကျပန်း အက္ခရာနဲ့ ဂဏန်းတွေ အတွဲလိုက်ကို ချရေးထားရင် ရေးထား၊ မရေးထားရင် ကွန်ပြူတာကို မှတ်ထားခိုင်းပါ။ နောက်တချက်က အင်တာနက် speed ပါ၊ သုံးတဲ့အချိန်ပေါ် လုံးလုံး မူတည်ပါတယ်၊ ည ၈ နာရီ ၉ နာရီ လောက်ကစပြီး သန်းခေါင် ၁၂ နာရီလောက်ထိ အတော် နှေးတတ်တယ်၊ သုံးတဲ့သူများပြီး bandwidth ကို share လုပ်ရလို့ပါပဲ၊ မဟုတ်မဟတ် မနက် ၇ နာရီ လို အချိန်မျိုး ထသုံးရင် အိုကေပါတယ်။ စောစောထတဲ့ ငှက်တွေအတွက် စားစရာ ပိုးကောင် ရှိနေတတ်တာ သိပ်မှန်ပါတယ် (သတိ၊ ဇွဲနပဲကြီးစွာဖြင့် စောစောထသော်လည်း ငှက်အစားခံရန် စောစောထမိသော ပိုးကောင် ဖြစ်နိုင်ပါသည်၊ သင်သည် ငှက်လော၊ ပိုးကောင်လော)။
--
ဆက်ပါဦးမည် ဒေါ်လှကြည်။

Post a Comment

အပေါ်က form ထဲမှာ မြန်မာစာရိုက်မရသူများ ဒီမှာရိုက်ပြီး ကူးထည့်နိုင်ပါတယ်။

11 comments:

khin oo may said...

ဒါတော့ရှင်လွန်းလွန်းပြီ။

myo said...

အိုး လှလိုက်တာ တကယ်လှတာပဲ
ရင်သပ်ရှုမော အံ့သြဖို့ကောင်းလိုက်တာ.............

အဲလိုပြောစေချင်လို့ကို မမ kom ကလည်း..

khin oo may said...

ကမ်းစပ်ကလေးကလှလိုက်တာ။

khet myint myint said...

အစ ပျိုးတုန်း ပဲရှိသေးသကိုး။
ဆက်ရေးပါဦး ဒေါ်သက်ပြုံး

ပုံ
စောင့်မျှော်ဖတ်ရှု ဒေါ်သက်စု

Ko Boyz said...

ဒါ ပိတ်သတ်ကို မလေးမစားလုပ်လိုက်တာပဲ။
ကျေနပ်တဲ့အထိ မုန့်လိုက်ကျွေး။

PAUK said...

ကမ်းစပ်တဲ့..
ဘာစာမှလဲ မပါဘူး..
ဒါပဲလားး..

khin oo may said...

ပျိုးနေတုန်းရှိတာ။

TZA said...

ကွန်.. ဒါပျိုးနေတုန်းရှိတာပါ။

မျိုး.. ဒါဆိုညီမလေးမှန်ပါတယ်။

ဘွိုက်.. ဟာ.. ကျေနပ်လိုက်ပါ၊ ကျေနပ်လိုက်ပါ၊ ကျေနပ်လိုက်ကြပါ။

ပေါက်.. စာ၂ကြောင်းတိတိရေးထားတယ်လေ၊ သေချာမဖတ်ဘူး.. ဟင်း။

ခပ်မြင့်မြင့်.. ဘယ်သွားမလဲ မောင်ရေခဲ ဘုရားပွဲကိုလှည်းနဲ့ဆို။

တောင်ပေါ်သား said...

ဝုတ်၏ မုန့်ကျွေးရမယ် ဒါ ပုရိသတ်ကို စာကော်တာ

khin oo may said...

သွားရေစာလား သားရေစာလာ။

တို့ဟုးတုံးပူပူနွေးနွေးသကြားမပါ သူများအတင်းကျွေးလို့စားဘူးတယ် မကြိုက်ပါ။ ချိုလဲမချို. ပေါ့တယ်။

မလေးရှားမှာလား.......သိတာပေါ့။ သိတ်အေးဆေးတာ

ကျွန်တော်က မနက်ကို အလုပ်ကို vpn နဲ့နေ့တိုင်းဝင်နေရတော့ဆိုတဲ့စကားကို နားထောင်ပြီးတဲ့အခါ default setting တက်ထားသလိုဘဲကိုမဆာလကို ဖြတ်ကနဲသတိရလိုက်တယ်။
သူရန်ကုန်သွားလို့လေဆိပ် ကိုလိုက်ပို့ရင် အလုပ်က ဖုံးတွေ လာတတ်တယ်။သူက သိတ်အရေးကြိးတဲ့ဟန်တဲို့င်ပြီးဖြေတတ်တယ်။ ရန်ကုန် မှာလဲ အလုပ်က ဖုံးတေါ လိုက်လာလို့ စိတ်ညစ်တယ်ပြောသေးတယ်။ မယုံပါဘူး သူ့ရုံးက လူတွေကုါ ကို ဖုံးဆက်ခိုင်းထားတာဖြစ်မယ်။ ဒီအချိန်တေါ ငါ့ကိုဆက်ဆိုပြီး.. ပြီးမှ လူရှေ့သူရှေ့မှာ အိုက်တင်နဲ့ကိုင်။ ပြီးမှ သိတ်အလုပ်များတဲ့အိုက်တင် ယူတာမျိုး ………….သတိရမိသေးတယ်။

သဘက်နဲ့ဆပ်ပြာလဲယူသွားသင့်ပါတယ်။ တို့သာဆို ဖယောင်းတိုင်နဲ့မီးခြစ်တောင်ယူသွားဦးမှာ။

သု့ု့ညအိပ် ရစ်ဂစ် သု့းဆယ်ဆိုတာ ဟော်တယ်ဘိုးပါပြီးသားလား မပါရသေးလား ပါပြီးသားဆိုရင် တန်တယ်။ မပါရသေးဆိုရင် မတန်ဘူး ဒါပေမဲ့ စလုံး ၁၂ ကျပ်ကတော့ဘာဘဲဖြစ်ဖြစ်ပါပါ မပါပါ တန်ပါတယ်။ ဒီအတိုင်းဆို ဟော်တယ်နားကပ်ဘို့တောင်လွယ်တာမဟုတ်ဘူး။။

အိပ်ရာနဲ့မအိပ်ဘဲ ကြမ်းပြင်ပေါ့်အိပ်မယ်လို့ြေ့ပာကြည့်ပါလား ပိုတန်မှာပါ။

စောစော လားမထချင်ပါဘူး ဘာဘဲဖြစ်ဖြစ်

လက်ကျင်နေတဲ့ကြားထဲ့ ရအောင် အချိန်လုပြီးရိုက်သွားတယ်။ အားနာလို့ ကွန်မက်အားလုံးစုပေးသွားတယ်။ kom တိုးတက်လာပါပြီး ဘိုက်တော့ မကြီးပါ။

Anonymous said...

did u made online reservation for hotel? when i check now there is a message showing that "We're sorry, but it is currently not possible to make reservations for this hotel"... any advice!...
my schedule to be there in Jan:... i have to keep all yr Penang info:...
thanks a lot :)

Say Hi


C-box မှာ မြန်မာစာမမြင်ရရင် ဒီဧရိယာထဲကို copy-paste လုပ်ပါ။